ကလေးတစ်ယောက် အဝလွန်ခြင်းက မျိုးရိုးကြောင့်လား၊ နေထိုင်စားသောက်မှုပုံစံကြောင့်လား
ကလေးအရွယ် အဝလွန်တာက ကလေးရဲ့ ငယ်စဉ်ဘဝနဲ့ မြီးကောင်ပေါက်ဘဝကို ထိခိုက်စေနိုင်ပါတယ်။ ကလေးအရွယ်မှာ အဝလွန်နေတာက အရွယ်ရောက်လာချိန်မှာ ဆီးချို၊ သွေးတိုး သွေးတွင်းအဆီများတာလိုမျိုး အမျိုးမျိုးသော ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ နောက်ပြီး ကလေးအရွယ်မှာ အဝလွန်နေတာက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု နည်းစေနိုင်သလို စိတ်ဓာတ်ကျမှုဒဏ်ကိုလည်း အလူးအလဲ ခံရစေနိုင်ပါတယ်။
ဒီတော့ အဝလွန်တာက မျိုးရိုးလိုက်လို့လား။ နေထိုင်စားသောက်မှုပုံစံကြောင့်လား။ ကလေးကို အဝမလွန်အောင် ဘယ်လို လုပ်ပေးရမလဲဆိုတဲ့ မေးခွန်းပေါင်းများစွာ မေမေတို့ ခေါင်းထဲကို ရောက်လာမယ် ထင်ပါတယ်နော်။
ဒီနေရာမှာ ပြောပြချင်တာက ကလေးတစ်ယောက် အဝလွန်နေမှုအပေါ်မှာ မျိုးရိုးလိုက်တာကြောင့်ဆိုတဲ့ သက်ရောက်မှုက တော်တော်လေး နည်းပြီး ကလေးတွေကို အဝလွန်စေတဲ့က အဓိက အချက်က နေထိုင်မှုပုံစံကြောင့်ပါ။
ကလေးတစ်ယောက်မှာ ရှိသင့်တဲ့ ကိုယ်အလေးချိန် များနေတိုင်း အဝလွန်နေတယ်လို့ မပြောနိုင်ပါဘူး။ အချို့သော ကလေးတွေက ကိုယ်ခန္ဓာဖွဲ့စည်းက ပုံမှန်ထက် ပိုကြီးနေတာကြောင့် ကိိုယ်အလေးချိန် များနေတာပါ။ ပြောရရင်တော့ ထွားတာပေါ့။ ဒီလို ထွားတဲ့ ကလေးတွေအနေနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်စားသောက်မှုကို ပိုင်ဆိုင်ထားမယ်ဆိုရင် အဝလွန်မှာ ကျန်းမာရေးပြဿနာတွေ ရှိလာမှာကို မေမေတို့အနေနဲ့ ပူစရာ မလိုပါဘူး။
ကလေးတစ်ယောက်ရဲ့ ကိုယ်အလေးချိန်ကို ကျန်းမာရေးနဲ့ ညီညွတ်လားဆိုတာကို သိချင်တယ်ဆိုရင်တော့ body mass index (BMI) တွက်ချက် အဖြေထုတ်ကြည့်ရုံပါ။
ကလေးတစ်ယောက်ကို အဝလွန်စေတဲ့ အကြောင်းအရင်းများ
ကလေးတစ်ယောက်ကို အဝလွန်စေတဲ့ အဓိက အကြောင်းအရင်းကတော့ ကိုယ်လက်လှုပ်ရှားမှု နည်းနည်းပဲ လုပ်ပြီး ကယ်လ်လိုရီတွေကို အလွန်အကျွံ စားသုံးတာကြောင့်ပါ။ အစားအသောက်တွေကို အများကြီး စားတာကြောင့်ပါ။ ဒီအခြေအနေ ၂ ရပ် ပေါင်းစည်းမိခြင်းက ကလေးကို အဝလွန်စေတဲ့ အကြောင်းအရင်းပါ။
အစားအစာ - ကလေးက နေ့တိုင်း အချိန်တိုင်းလိုလိုမှာ ကယ်လ်လိုရီ ပါဝင်မှု များတဲ့ အမြန်စား အစားအစာတွေ၊ သရေစာတွေ၊ အချိုစာတွေပဲ စားနေမယ်ဆိုရင်တော့ ကိုယ်အလေးချိန်က တက်လာမှာပါ။ သစ်သီးဖျော်ရည်တွေ၊ sport drinks တွေနဲ့ အခြား သောက်စရာတွေကလည်း ကလေးကို အဝလွန်စေနိုင်ပါတယ်။
ကိုယ်လက်လှုပ်ရှားမှု - ကလေးက ကိုယ်လက်လှုပ်ရှားမှု နည်းမယ်ဆိုရင်လည်း ကယ်လ်လိုရီ လောင်ကျွမ်းမှု မရှိတာကြောင့် ကိုယ်အလေးချိန်က တက်လာမှာပါ။ အထိုင်များတဲ့ နေထိုင်မှုကိုပါ ပိုင်ဆိုင်ထားပြီဆိုရင်တော့ ကလေးက အဝလွန်လာတော့မှာပါ။
မိသားစု အခြေအနေ - ကလေးက အဝလွန်နေတဲ့ မိသားစုဝင်တွေ ကြားမှာ ကြီးပြင်းရမယ်ဆိုရင်တော့ နေထိုင်စားသောက်မှုကို အတူခိုးမိရာကနေ ကိုယ်အလေးချိန် တက်စေမယ့် အစားအစာတွေကို စားတာ၊ ကိုယ်လက် လှုပ်ရှားမှု မရှိတာတွေကြောင့် အဝလွန်လာမှာပါ။
စိတ်ပိုင်းဆိုင်ရာ အခြေအနေ - ကလေးရဲ့ မိသားစုအခြေအနေ ကလေးရဲ့ ပတ်ဝန်းကျင်က ကလေးကို စိတ်ဖိစီးစေမယ်ဆိုရင်လည်း ကလေးက စိတ်ဖိစီးမှုရဲ့ အကျိုးဆက် အနေနဲ့ အလွန်အကျွံ စားမိရာက အဝလွန်လာမှာပါ။
ကျန်းမာရေး အခြေအနေ - ဟော်မုန်းပြဿနာလိုမျိုး ကျန်းမာရေး အခြေအနေတွေကြောင့်လည်း ကလေးမှြ အဝလွန်တာကို ခံစားရနိုင်ပါတယ်။
အခုလောက်ဆိုရင်တော့ ကလေးကို အဝလွန်စေတာက မျိုးရိုးကြောင့်လား။ နေထိုင်စားသောက်မှုကြောင့်လား ဆိုတာကို သိလောက်ပြီ ထင်ပါတယ်။
မွန်မွန်